Ticker

6/recent/ticker-posts

သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ?

 Say It Loud! 9 Easy Ways to Get Rid of Bad Breath

 
 ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်တာ (Bad Breath or Halitosis or Oral Malodor) ကို လူတိုင်းကြုံဖူး ကြ ပါတယ်။ အနံ့ပြင်းတဲ့အစားအစာတွေစားသောက်တာ၊ ခံတွင်းကို သန့်ရှင်းအောင် မထားတာတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။
 

ဒါပေမယ့် ခံတွင်းအနံ့ဆိုးထွက်တာတိုင်းက ဒီလိုအချက်တွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဆိုရင် နာတာရှည်ခံတွင်းအနံ့ဆိုးထွက်တဲ့ရောဂါ (Chronic Halitosis) လည်းဖြစ်နေနိုင်ပါတယ်။
 

ယေဘုယျအားဖြင့် ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း အမြောက်အများ ရှိပါတယ်။ အဓိက အကျဆုံးအချက်ကတော့ ၁၀ ချက်ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအချက် ၁၀ ချက်ကို ဖော်ပြ ပေးသွားမှာပါ။
 
ခံတွင်းသန့်ရှင်းရေး အခြေအနေ
 

အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တာ၊ တိုက်ဖြစ်ရင်တောင်မှ လျှာနဲ့ အာခံတွင်း တစ်ခုလုံးကို သန့်စင်အောင် မသန့်ရှင်းတာတွေက သင့်ကို ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ဒီအချက်ကြောင့် သွားဖုံးရောင်တာ၊ ရေစီးကမ်းပြိုလိုက်တာလို ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပြီး ရိုးရိုးအနံ့ဆိုး မျိုးသာမကပဲ အာပုတ်နံ့လို့ဆိုကြတဲ့ ဆိုးရွားလှတဲ့ အနံ့ဆိုးမျိုးတွေပါ ထွက်လာစေပါလိမ့်မယ်။
 
အနံ့အရသာပိုကဲတဲ့ အစားအစာနဲ့ အဖျော်ယမကာတွေ
 

ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အပူအစပ်တွေ၊ တစ်ချို့သော သကြားဓာတ်များတဲ့ အဖျော်ယမကာတွေကို မှီဝဲစားသုံးထားမယ်ဆိုရင်လည်း ခံတွင်းနံ့ဆိုးရွားနိုင်ပါတယ်။ အစားအစာတွေထဲက အနံ့ဆိုးဖြစ်စေနိုင်တဲ့ Particles တွေကို သွေးကနေတဆင့် အဆုတ်ထဲကို ပို့ပေးပါတယ်။ ဒါကြောင့် အသက်ရှူထုတ်လိုက်တိုင်းမှာ အနံ့ဆိုးတွေ ရနေနိုင်ပါတယ်။
 
ကော်ဖီ
 

လူကြိုက်များလှတဲ့ ကော်ဖီဟာလည်း ခံတွင်းအနံ့ဆိုးတွေ ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းတစ်ချက်ပါပဲ။ မနက်စာစားရင်း မနက်ခင်းပိုင်းမှာ သောက်လိုက်တဲ့ ကော်ဖီတစ်ခွက်ဟာ ကျန်တဲ့အချိန်တွေမှာ ခံတွင်း နံ့ဆိုးလာစေရတဲ့ အကြောင်းအရင်းဖြစ်နေတတ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ တံတွေးရည်ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး အာခံတွင်းမှာ တံတွေးရည်နည်းပါးလာမယ်ဆိုရင် ဘက်တီးရီးယား တွေ ပိုမိုတွယ်ငြိလာတာကြောင့်ပါ။
 
အယ်လ်ကိုဟော
 

အရက်ဟာ ခံတွင်းနံ့ဆိုးစေတယ်ဆိုတာကို သောက်သုံးဖူးသူတိုင်း သိကြပါတယ်။ ဘယ်လောက် မွှေးတဲ့ အရက်ပဲဖြစ်ဖြစ် မနက်မိုးလင်းချိန်မှာတော့ ဆိုးရွားတဲ့ အနံ့သာပြန်ထွက်လာစေမှာပါ။ အယ်လ်ကိုဟောဟာ ခံတွင်းထဲမှာ တံတွေးရည်ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေတဲ့အရာပါ။
 
သကြားနဲ့ ပရိုတိန်းဓာတ်ပါဝင်မှုများတဲ့ အစားအစာများ
 

အချိုတွေ၊ သကြားဓာတ်နဲ့ ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေဟာလည်း ခံတွင်းနံ့ဆိုးစေဖို့ တွန်းအား တစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် သကြားဟာ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားအောင် အားပေးပါတယ်။ အချိုတွေ အများကြီးစားပြီးတဲ့အခါ ပါးစပ်ထဲမှာ တစ်မျိုးတစ်မည်ကြီးဖြစ်နေတတ်တာ အဲ့ဒါကြောင့်ပါ။ နောက်ပြီး ကာဘိုဟိုက်ဒြိတ်နည်းပါးတဲ့ အစားအစာတွေကလည်း ခံတွင်းအနံ့ဆိုးထွက်အောင် လုပ်နိုင်ပါသေးတယ်။
 
ဆေးလိပ်နဲ့ ကွမ်းမှီဝဲခြင်း
 

ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်တွေ၊ စီးကရက်တွေနဲ့ ကွမ်းယာတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ဖြစ်ပေါ် စေပါတယ်။ ဒါ့အပြင် သွားဖုံး၊ လျှာနဲ့ အာခေါင်တွေကိုဖျက်ဆီးနိုင်ပြီး ဆိုးရွားတဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
 
အစာခြေစနစ်ပြဿနာ
 

အစာခြေစနစ် မူမမှန်တာ၊ အားနည်းတာတွေကလည်း အစာအိမ်ကို မသန့်မစင်ဖြစ်စေပြီး ပါးစပ်ကနေ အနံ့ဆိုး ပြန်ထွက်လာစေတတ်ပါတယ်။ ဒီလိုဖြစ်ရတာက အစားအသောက်အမျိုးအစားကြောင့် အစာ ကောင်းကောင်း မခြေဖျက်နိုင်လို့ဖြစ်နိုင်သလို အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာ ကြောင့်လည်း ဖြစ်ပါတယ်။
 
ခံတွင်းခြောက်ခြင်း
 

ခံတွင်းထဲမှာ တံတွေးရည် ထုတ်လုပ်နိုင်စွမ်းလျော့ကျလာပြီး ခံတွင်းခြောက်သွေ့လာတဲ့အခါ သန့်ရှင်းမှုလည်း နည်းပါးသွားပါတယ်။ ဒီအချက်ဟာ အခံတွင်း နံ့ဆိုးဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒါကို ရောဂါတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး Xerostomia လို့ ခေါ်ဆိုကြပါတယ်။
 
ကိုယ်မှီဝဲနေတဲ့ ဆေးဝါးတွေ
 

တချို့သောလူတွေ ခံတွင်းရနံ့ဆိုးတာက ဆေးဝါးဓာတ်စာတွေကြောင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေ တွေအရ မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ခံတွင်းကို ခြောက် သွေ့ စေပြီး ခံတွင်းနံ့ဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။
 
ခံတွင်းနံ့ဆိုးနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်မြင်နေခြင်း
 

ကမ္ဘာပေါ်က လူ ၁% လောက်ဟာ သူတို့ရဲ့ ခံတွင်းနံက ဆိုးရွားတယ်လို့ တကယ်မဟုတ်ပဲ ခံစားနေကြပါတယ်။ ဒီဝေဒနာကို Halitophobia စိတ်ဝေဒနာလို့ ခေါ်ပါတယ်။ ဘယ်လိုအခြေအနေမှာမဆို ခံတွင်းအနံ့ဆိုးထွက်မှာကို ကြောက်နေတတ်သလို ကိုယ့်ရဲ့ ခံတွင်းအနံ့ဟာ သူများတွေထက် ဆိုးရွားနေတယ်လို့ ထင်မြင်နေတဲ့ စိတ် ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။
 
တခြားအကြောင်းအရင်းများ
 

ဒီအချက်တွေအပြင် နှာရည်ယိုချင်နေတာ၊ သွားပိုးပေါက်ဖြစ်နေတာ၊ ရင်ပူနေတာ၊ Strep ပိုး ကူးစက်ခံ ထား ရတာ၊ သွေးတွင်း သကြားပမာဏ မြင့်တက်နေတာ၊ ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့ Sjogren’s Syndrome စွဲကပ် နေတာတွေကြောင့်လည်း ခံတွင်းနံ့ဆိုးရွားတတ်ပါတယ်။
 

ခံတွင်းနံ့ဆိုးရွားတာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် ဆိုးရွားတဲ့ရောဂါတွေကို ကိုယ့်မှာ စွဲကပ်နေတာကို သတိပေးနေတဲ့ အချက်ပြချက်တစ်ခုဖြစ်နေတတ်ပါတယ်။
 

ဒါပေမယ့် တစ်ခုသိထားရမှာက လူတွေဟာ အိပ်ရာထချိန်မှာ ခံတွင်းနံ့နံတယ်လို့ ခံစားရတတ်တာကိုပါပဲ။ ဒါကတော့ သဘာဝဖြစ်စဉ်သာဖြစ်ပါတယ်။ အိပ်ရာထချိန်ဖြစ်နေတာကြောင့်ပါ။
 

ကိုယ်အိပ်ပျော်နေစဉ်မှာ တံတွေးတွေက ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ရှင်းလင်းပေးနေတာကြောင့်ပါ။ ဒါက ပုံမှန်ကိစ္စတစ်ခုဖြစ်ပြီး မနက်ပိုင်းမှာ သွားတိုက်သန့်စင်လိုက်တာနဲ့ အဆင်ပြေသွားမယ့် ပြဿနာ ဖြစ်ပါတယ်။



Post a Comment

0 Comments