Ticker

6/recent/ticker-posts

လူငယ်များကို လမ်းမှားပို.နေသည်. Porn

 

လူတွေကို ခေတ်အဆက်ဆက် သတင်းမှားအပေးဆုံး ဖျော်ဖြေရေးကို ပြပါဆိုရင် အပြာဖျော်ဖြေရေးတွေကို လက်ညှိုးထိုးပြရမှာပဲ ဖြစ်ပါတယ်။တမျိုးပြန်စဉ်းစားရင် ဖျော်ဖြေရေးဆိုတာ ယုတ္တိရှိစရာမလိုဘူးလို့ ပြောလို့ရပေမယ့် တချို့တချို့သော အရာတွေဟာ ကျန်းမာရေးအသိမှားတွေနဲ့ ပြစ်မှုကျူးလွန်ခြင်းတွေဆီကိုပါ ဦးတည်လာတဲ့အခါ ပြဿနာရှိလာပါပြီ။ဒါကြောင့် လူအတော်များများနဲ့ မကင်းနိုင်တဲ့ အပြာရောင်လွှလွှ ဖျော်ဖြေမှုတွေက ပေးနေတဲ့ သတင်းမှား၊အချက်အလက်မှားတွေကို မျှဝေပေးသွားပါမယ်။

၁။ အမျိုးသမီးတွေဟာ အချိန်တိုင်းလိုလို လိင်စိတ်ကြွနေကြတယ်။

ဒါဟာ အပြာစာအုပ်၊အပြာရုပ်ရှင်တွေမှာ ပါနေကျ ဇာတ်သွားပါပဲ။တအိမ်တည်းနေတဲ့ သွေးမတော်သားမစပ် ဆန့်ကျင်ဖက်လိင်နှစ်ဦးပဲဖြစ်ဖြစ်၊တနေရာရာမှာ ခုမှစတွေ့တဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့တတွေဟာ အမြဲတမ်းလိင်စိတ်တက်ကြွနေပြီး အဆင်သင့်ဖြစ်နေသယောင် သရုပ်ဖော်ထားတတ်ပါတယ်။ပြီးတော့ အမျိုးသားက ဇာတ်လမ်းစလာရင်လည်း အစပိုင်းသာ ဟန်ပြငြင်းဆန်ပြီး နောက်ပိုင်း လုံးဝမငြင်းတော့ပါဘူး။ 

ဒါဟာ မှားပါတယ်။ထပ်ပြောပါမယ်။လုံးဝ(လုံးဝ) မှားပါတယ်။အမျိုးသားတွေဟာ ဆင်လိုက်လို့ ပြေးရင်း နဲ့တောင် ငယ်ပါတင်းနိုင်သေးတယ်လို့ ဆိုစမှတ်ပြုကြပေမယ့်၊ချစ်ခြင်းမေတ္တာနဲ့ လိင်အာသာဆန္ဒကို တကန့်ချင်းစီ ထားနိုင်ပေမယ့် (ဆိုလိုတာက ကိုယ်မချစ်တဲ့ မိန်းမနဲ့လည်း ချစ်တင်းနှောဖို့ ဝန်မလေးဘူးလို့ ဆိုလိုချင်တာပါ) အမျိုးသမီးတွေအတွက်တော့ ဒီလို မဟုတ်ပါဘူး။

အမျိုးသမီးတွေဟာ (အပြာဖျော်ဖြေရေးတွေထဲကလို) လိင်စိတ်အမြဲထကြွနေသူတွေ မဟုတ်တဲ့အပြင် ကိုယ်မချစ်မနှစ်သက်သူနဲ့ဆိုရင် လက်ဖျားနဲ့တောင် အထိခံချင်ကြတာ မဟုတ်ပါဘူး။ဒါကြောင့် ရုပ်ရှင်ထဲ၊စာအုပ်ထဲကလို လက်တည့်မစမ်းဖို့နဲ့ စမ်းမိရင် ထောင်နန်းစံရဖို့ပဲ များပါတယ်။

၂။ အမျိုးသားလိင်အင်္ဂါကြီးမှ၊ရှည်မှ အမျိုးသမီးတွေ အကြိုက်တွေ့တယ်။မဟုတ်ရင် အိမ်ထောင်ရေး ဖောက်ပြန် လိမ့်မယ်။

အမျိုးသားတွေကို ‘ဂျင်း’ထည့်ပြီး ရောင်းစားနေတဲ့ ‘ကြီးဆေး’တွေ၊စက်ပစ္စည်းတွေ၊ဆီလီကွန်ထိုးဆေးတွေကို အဓိက အကျိုးပြုနေတဲ့ အချက်တချက်ပဲဖြစ်ပါတယ်။ကြောင်အရွယ်အစား အကြီးအသေးထက် ကြွက်ကောင်းကောင်း ခုတ်နိုင်ဖို့သာ လိုရင်းဖြစ်တဲ့အကြောင်း ပညာပေးဆောင်းပါးတွေမှာ အထပ်ထပ်အခါခါ ရေးခဲ့ကြပြီးဖြစ်ပါတယ်။

ကိုယ့်ရဲ့ အမျိုးသမီး၊ပါတနာအပေါ်မှာ ချစ်ခင်မြတ်နိုးစိတ်၊ယုယကြင်နာစိတ်၊တာဝန်ယူလိုစိတ်တို့ကသာ တသက်တာရွှေလက်တွဲမြဲစေနိုင်မယ့် ဆေးနည်းကောင်းတွေ ဖြစ်ပါတယ်။သိထားဖို့က ရုပ်ရှင်ထဲမှာ ပါသူတွေဟာ စံပြုလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိသူတွေ ဖြစ်ပါတယ်။လူတိုင်း ဒါမျိုးရှိရမယ်၊ရှိမှ ဖြစ်မယ်လို့ မဟုတ်ပါဘူး။ဒါကြောင့် ဒီအချက်ဟာလည်း မှားပါတယ်။

၃။ လိင်ဆက်ဆံရင် အကာအကွယ်ပစ္စည်း သုံးစရာမလိုဘူး။

ဒီအချက်ကို တိုက်ရိုက်ကြီး ပြောတာမဟုတ်ပေမယ့် အပြာရုပ်ရှင်တွေထဲမှာ အကာအကွယ်ပစ္စည်းသုံးလေ့ မရှိသလောက်ပါပဲ။ဒီဇာတ်ကားတွေမှာ သရုပ်ဆောင်သူတွေဟာ သုံးလတခါ ဆေးစစ်ရပြီး ရောဂါပိုး ကင်းရှင်း ကြောင်း သေချာသူတွေဖြစ်တဲ့အပြင် ‘ဖျော်ဖြေရေး’ ဖြစ်တာကြောင့် အကာအကွယ် ပစ္စည်းကို မသုံးတာပါ။

ဒါကို အဟုတ်မှတ်ပြီး လိုက်လုပ်ရင်တော့ ဘဝဆုံးသွားပါလိမ့်မယ်။ တရားဝင်အိမ်ထောင်ပြုထားတဲ့ လင်မယားမှတပါး လိင်ဆက်ဆံတဲ့အခါတိုင်း အကာအကွယ်ပစ္စည်း(ကွန်ဒုံး)ကို အသုံးပြုပါ။ဒီလို အသုံးပြုခြင်း အားဖြင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပြီးဖြစ်သလို AIDS အပါအဝင် လိင်မှတဆင့် ကူးစက် တတ်သော ရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၄။ အမျိုးသမီးတွေဟာ လိင်ဖျော်ဖြေရေး ပစ္စည်းတခုမျှသာ ဖြစ်တယ်။

တချို့ စာအုပ်တွေ၊ရုပ်ရှင်တွေရဲ့ theme အရ အမျိုးသမီးတွေကို လိင်ကျွန်သာသာ သဘောထားတဲ့၊အလိုမတူဘဲ အတင်းအကျပ် စပ်ယှက်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို မြင်တွေ့ရတတ်ပါတယ်။ဒါဟာလည်း စိတ်ကူးယဉ် ဖန်တီးထားမှုသာဖြစ်ပြီး အပြင်မှာလိုက်လုပ်လို့မရကြောင်း သဘောပေါက် နားလည်ပြီး အမျိုးသမီးတွေကို တန်ဖိုးထားချစ်ခင်ရပါမယ်။(လိင်ကိစ္စအပါအဝင်) ဘယ်အရာမဆို အလိုမတူဘဲ အတင်း အကျပ် လုပ်လို့ မရကြောင်း၊မလုပ်သင့်ကြောင်း နားလည်ထားရပါမယ်။

၅။ စအိုမှတဆင့် လိင်ဆက်ဆံခြင်းကို အမျိုးသမီးတွေ သဘောကျတယ်၊ကြိုက်တယ်။

သဘာဝနဲ့ ဆန့်ကျင်တဲ့ အရာမှန်သမျှ ဘယ်ဟာမှ မကောင်းပါဘူး။စအိုဟာ အစာချေလမ်းကြောင်းတလျှောက် ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့အတွက်သာ ဖြစ်ပြီး လိင်မှုရေးရာနဲ့ လုံးဝ မပတ်သက်ပါဘူး။ရုပ်ရှင်ထဲမှာ ဘယ်လိုပဲရိုက်ပြရိုက်ပြ ဒါဟာ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့အတွက် တရားဥပဒေအရ ပုဒ်မ ၃၇၇ နဲ့ အရေးယူခံရနိုင်သလို နာကျင်ခြင်း၊အူမကြီးကင်ဆာဖြစ်နိုင်ခြင်း၊ကူးစက်ရောဂါများ ဝင်နိုင်ခြင်း၊လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ရရှိနိုင်ချေ ပိုများခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာ စေနိုင် ပါတယ်။

၆။ ကလေးသူငယ်များနဲ့ လိင်ဆက်ဆံခြင်း။

ဒီ category အမျိုးအစားဟာ နိုင်ငံတကာမှာတောင် တင်းတင်းကျပ်ကျပ် ပိတ်ပင်ပြီး ဖမ်းဆီးအရေးယူနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။အသက် ၁၈ နှစ်ပြည့်ပြီးမှသာ နှစ်ဦးသဘောတူ ချစ်တင်းနှောခွင့်ရှိတယ်ဆိုတာကို သိထားရပါမယ်။

 What To Do If You Catch Your Child Watching Pornography

ကနေ့ ကျွန်တော်တို့နိုင်ငံမှာ အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းဟာလည်း ဖောဖောသီသီ ရလာပြီဖြစ်တဲ့ ဒီအပြာ ဖျော်ဖြေရေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတခုလို့ ဆိုရင် မှားအံ့မထင်ပါဘူး။ဒါကြောင့် ရုပ်ရှင်ထဲမှာ အရွယ် မရောက်သေးတဲ့ ကလေးသူငယ်နဲ့ လိင်ဆက်ဆံခြင်းဟာ ကျင့်ဝတ်အရရော၊တရားဥပဒေအရပါ အင်မတန် လွဲမှားပြီး အန္တရာယ်များတဲ့ ကိစ္စတခုဆိုတာကို သိထားရပါမယ်။

တချို့အရာတွေဟာ မလုပ်ပါနဲ့လို့ ပြောလို့မရသလို လုံးဝကြီး တားမြစ်ပိတ်ပင်ထားလို့လည်း မရပါဘူး။ဖုန်းတွေ၊အင်တာနက်တွေဟာ တောရောမြို့ပါမကျန် ပျံ့နှံ့နေပြီး သုံးနှစ်သားကလေးကအစ လက်ထဲ ဖုန်းပွတ်နေတဲ့ ခေတ်ကြီးမှာ အပြာဖျော်ဖြေရေးကို လိုက်ပိတ်ပင်လို့ မရတာဟာ အမှန်တရားပါ။

ဒါပေမယ့် ဖျော်ဖြေရေးဟာဖျော်ဖြေရေးပဲဖြစ်ကြောင်း၊ လက်တွေ့မဆန်တဲ့အကြောင်း၊ အပြင်လောကမှာ လိုက်လုပ်လို့ မရတဲ့အကြောင်းကို သဘောပေါက်နားလည်ဖို့ပညာပေးတွေကို တွင်တွင်ကျယ်ကျယ် လုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးဟာလည်း အုတ်တချပ်၊သဲတပွင့်အနေနဲ့ ပါဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ (MIZZAMA)

Post a Comment

0 Comments