Ticker

6/recent/ticker-posts

မျက်မှန်တပ်သူတိုင်း ဆောင်ရန်၊ ရှောင်ရန်များ

 -

 How to choose eyeglass lenses | All About Vision

မျက်မှန်တပ်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အသက်အရွယ် သို့မဟုတ် နေထိုင် တဲ့ ပုံစံအရ မျက်စိအမြင်အာရုံတွေ မှုန်ဝါးလာတာ၊ မျက်စိစွေတာ၊ မွေးရာပါ မျက်စိအမြင်အာရုံ ပြဿနာရှိ နေတာ စတဲ့ ပြဿနာများကြောင့် မျက်မှန်တပ်လာကြတဲ့သူတွေ များပါတယ်။ အရင်တုန်းကတော့ လူကြီးပိုင်း တွေမှာသာ မျက်မှန်တပ်တာများပြီး ဒီဘက်ခေတ်မှာတော့ လူငယ်တွေပါ မျက်မှန်တွေ အတပ်များလာတာကို တွေ့ရပါတယ်။

မျက်မှန်တပ်တော့မယ်ဆိုရင် သို့မဟုတ် မျက်မှန်တပ်နေသူတိုင်း ဘာတွေ သိထားသင့်လဲ။

၁။ မျက်မှန်ကိုင်း အမျိုးအစားကို သေချာရွေးချယ်ပါ။

မျက်မှန်ကို အချိန်ကြာရှည်စွာ တပ်ထားရတဲ့အခါ မျက်စိအာရုံကြောသာမက နားထင်စပ်တွေပါ နာပြီး ညောင်းကိုက်လာတတ်ပါတယ်။ ဒီအတွက် မျက်မှန်ကိုင်းကို တတ်နိုင်သလောက် ပါးတာမျိုးပဲ ရွေးတပ်ပေးပါ။ နောက်ထပ် ကောင်းတာတစ်ချက်က ပါးပြီးသေးတဲ့ မျက်မှန်ကိုင်းတွေမှာ အသုံးပြုရတဲ့ မှန်တွေကလည်း ပါးတဲ့အတွက် တော်ရုံ မျက်စိအားမစိုက်ရသလို မျက်စိပါဝါတက်တာလည်း သိပ်မမြန်တော့ပါဘူး။

၂။ ကိုယ်တပ်မယ့်မျက်မှန်ဟာ ကိုယ့်မျက်စိအတွက် အသင့်တော်ဆုံး ဖြစ်နေပါစေ။

အလှအပအတွက်မဟုတ်ဘဲ မျက်စိကျန်းမာရေးကြောင့် တပ်တာဖြစ်တဲ့အတွက် ကိုယ်တပ်မယ့် မျက်မှန်ပါဝါဟာ ကိုယ့်မျက်စိပါဝါကို သေချာတိုင်းတာပြီးမှ ကိုယ်နဲ့ ပါဝါအကိုက်ညီဆုံးဖြစ်တဲ့ မျက်မှန်ကိုသာ တပ်ဆင်အသုံးပြုသင့်ပါတယ်။ အကယ်လို့ မျက်စိမစမ်းသပ်တာ အနည်းဆု့း ၆လဖြစ်သွားပြီဆိုရင်တော့ မျက်စိပါဝါ ထပ်စမ်းသပ်ဖို့ လိုပြီး ၆လမပြည့်သေးရင် နောက်ဆုံးစမ်းသပ်ခဲ့တဲ့ ပမာဏအတိုင်း တပ်ဆင်လို့ ရပါတယ်။

၃။ မျက်မှန်သန့်ရှင်းရေး အလေးထားပါ။

မျက်မှန်ဟာ ကိုယ့်မျက်စိနှစ်လုံးပွင့်တဲ့အချိန်ကနေ တစ်နေ့လုံးနီးပါး တပ်ထားရတဲ့အတွက် အညစ်အကြေးနဲ့ အဆီများအပြင် ဖုန်တွေပါ ကပ်နိုင်ပါတယ်။ ဒီအတွက် ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။

  • တစ်ရက်ကို တစ်ကြိမ်မဟုတ်ရင်တောင် တစ်ရက်ခြားတစ်ကြိမ်လောက် မျက်မှန်ကို သန့်ရှင်းရေးလုပ်ပါ
  • မှန်တစ်ခုပဲ ကွက်ပြီးမသုတ်ဘဲ မျက်မှန်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ
  • အရမ်းပြင်းတဲ့ ဓာတုပစ္စည်း၊ အစွန်းချွတ်ဆေးတွေ မသုံးဘဲ ရိုးရိုး cleanser ဖျန်းဆေးလောက်ဘဲ သုံးပေးပါ
  • ခုလိုမျိုး Covid-19 ကပ်ဘေးကာလမှာ အပြင်သွားပြီး ပြန်လာရင် မျက်မှန်ကို သေချာပိုးသန့်စင်ပေးဖို့ မမေ့ပါနဲ့။

၄။ မျက်မှန်တပ်တဲ့အခါ ဒါတွေကို သတိထားပါ။

  • မျက်လုံးအားစိုက်ရမယ့် တီဗီကြည့်တာ၊ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာ၊ စာဖတ်တာ၊ အလုပ်လုပ်တာတွေကို မျက်မှန်တပ်ပြီးမှ လုပ်ပါ
  • တတ်နိုင်သလောက် မျက်မှန်တပ်နေစဉ် ထိုင်နေတာ၊ မတ်တပ်ရပ်တာမျိုး လုပ်ပေးပါ
  • မျက်မှန်တပ်ပြီး လှဲအိပ်ရင်း စာဖတ်တာ၊ ဘေးတစောင်း ရုပ်ရှင်ကြည့်တာ၊ မျက်မှန်အောက်ကနေ ကြည့်တာမျိုး ရှောင်ပါ
  • အရမ်းလင်းလွန်းတဲ့ မီးအလင်းရောင်တွေကို ဝေးဝေးရှောင်ပါ
  • ညအမှောင်ထဲ မီးမှိန်မှိန်နဲ့ စာဖတ်တာ၊ ဖုန်းသုံးတာမျိုးတွေကို မလုပ်ပါနဲ့
  • အရေးမကြီးတဲ့အချိန်၊ ဘာမှမလုပ်တဲ့အချိန်တွေဆိုရင် မျက်မှန်ချွတ်ထားလို့ ရပါတယ်၊ တစ်နေ့လုံး မဖြစ်မနေ တပ်ထားစရာမလိုပါဘူး
  • အိပ်တဲ့အချိန်တော့ မျက်မှန်ကို ချွတ်ပြီးမှ အိပ်ပါ
မျက်စိကျန်းမာရေးအတွက် အသီးအနှံနဲ့ အရွက်တွေ များများစားပေးပါ။ ငါးကြီးဆီ ပုံမှန်သောက်ပေးပါ။ မျက်မှန်တပ်ထားရင်းကနေ ကြည့်ရတာ အမြင်အာရုံ ဝေဝါးလာတယ်လို့ ခံစားရရင် မျက်မှန်ချွတ်ပြီး ခဏအနားပေးပါ။ အမြဲတမ်းလိုလို မှုန်နေတယ်ဆိုရင်တော့ မျက်မှန်ပါဝါကို ပြန်စစ်ဖို့ လိုလာပါပြီ။ မျက်စိကို ၆လတစ်ကြိမ်လောက် ပုံမှန်စစ်ဆေးပေးဖို့ မမေ့ပါနဲ့(Crd:: Hellosayarwon)

Post a Comment

0 Comments