Ticker

6/recent/ticker-posts

သွားနဲ့ ခံတွင်းအကြောင်း သိကောင်းစရာ အချက်များ

 Good Tooth Brushing Technique | What They Say at CDA

သွားပိုးစားတာနဲ့ သွားဖုံးဆိုင်ရာရောဂါတွေက အရမ်းကို အဖြစ်များပါတယ်။ World Health Organization ရဲ့ အဆိုအရဆိုရင် ကျောင်းနေအရွယ် ကလေးငယ် ၆၀%-၉၀% အထိဟာ အနည်းဆုံး သွားနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုခုရှိနေကြတယ်။ ၁၀၀% နီးပါးသော အရွယ်ရောက်ပြီးသူတိုင်းမှာ သွားပြဿနာ တစ်ခုခု ရှိနေတတ်တယ်၊။ အသက် ၃၅-၄၄ နှစ်အကြား အရွယ်ရောက်ပြီးသူတွေရဲ့ ၁၅%-၂၀% လောက်မှာ သွားဖုံး ဆိုင်ရာ ရောဂါတွေ ရှိနေကြတယ်၊ တစ်ကမ္ဘာလုံးက အသက် ၆၅-၇၄ နှစ်အကြား သက်ကြီး ရွယ်အိုတွေရဲ့ ၃၀% မှာ မူလသွားတွေ မရှိကြတော့ဘူး၊ တိုင်းပြည်အများစုမှာ လူ ၁၀၀၀၀၀ ကို ၁-၁၀ ဦး ဝန်းကျင်ဟာ ခံတွင်းကင်ဆာဝေဒနာကို ခံစားနေရတယ်၊ ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတွေမှာ ခံတွင်း ပြဿနာ တွေ ဖြစ်နိုင်ခြေပိုမြင့်မားတယ်။

 
သွားနဲ့ ခံတွင်းကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ
 သွားနဲ့ ခံတွင်းကျန်းမာဖို့နဲ့ ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ဖို့အတွက်ဆိုရင် အခြေခံအားဖြင့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
 
 ဖလူရိုက်ပါဝင်တဲ့ သွားတိုက်ဆေး (Fluoride Toothpaste) နဲ့ တစ်နေ့ကို ၂ ကြိမ် သွားတိုက်ရမယ်၊
    သွားကြားထဲက အစာအကြွင်းအကျန်တွေကို တစ်နေ့အနည်းဆုံး တစ်ကြိမ် ရှင်းလင်းပါ၊
    သကြား စားသုံးမှုနှုန်းကို လျှော့ချပါ၊
    အာဟာရပြည့်ဝစွာ စားပါ၊ အသီးအရွက်များများပါဝင် ပါစေ၊
    အမျှင်ဓာတ်ကြွယ်ဝပြီး အဆီနည်းတဲ့ အစားအစာတွေစားပါ၊
    ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်၊ ကွမ်းစတာတွေကို ရှောင်ကျဉ်ပါ၊
    ဖလူရိုက်ပါဝင်တဲ့ ရေသန့် (Fluoridated Water) ကို ရွေးချယ်သောက်သုံးပါ၊
    ပုံမှန် သွားနဲ့ခံတွင်း ကျန်းမာရေးစစ်ဆေးဖို့ ဆရာဝန်သတ်မှတ်ထားပါ။

 
သွားနဲ့ခံတွင်းကျန်းမာရေး ပြဿနာရှိနေတဲ့ လက္ခဏာများ
 

တကယ်တော့ သွားနဲ့ခံတွင်းပြဿနာတွေက ရောဂါလက္ခဏာပြသလာချိန်မှာ ဆေးခန်းသွားရမယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် တစ်နှစ်ကို ၁ ကြိမ်လောက် သွားနဲ့ ခံတွင်းကို စစ်ဆေးပေးနေသင့်တာပါ။ တစ်ချို့ ပြဿနာတွေက လက္ခဏာက နောက်လိုက်ပြီး ရောဂါကအရင်လာတာမျိုးဖြစ်နေတတ်တာကြောင့်ပါ။
 

ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ ရောဂါလက္ခဏာတွေကိုတော့ သိနားလည်ထားသင့်တာတော့ အမှန်ပါ။ သင့်မှာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေတယ်ဆိုတာကို သိနိုင်စေမယ့် လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
 

    ခံတွင်းထဲက နူးညံ့တဲ့နေရာတွေမှာ ပြည်တည်နာတွေဖြစ်တာ၊ နာကျင်တာတွေ ရက်သတ္တပတ် ၁ ပတ်ထက် ကြာမြင့်လာတာ၊သွားတိုက်ပြီးတိုင်း ဒါမှမဟုတ် သွားကြားက အစာအကြွင်းအကျန်တွေကို ရှင်းထုတ်ပြီးတိုင်း သွားဖုံးကြား ကနေ သွေးယိုစီးတာ၊ အချိန်ကြာမြင့်စွာ ခံတွင်းနံ့ဆိုးရွားနေတာ၊ ပူတဲ့၊ အေးတဲ့ အစားအစာတွေ၊ အဖျော်ယမကာတွေကို စားသောက်မှီဝဲဖို့ ခက်ခဲတာ၊ သွားကိုက်နေတာ ဒါမှမဟုတ် သွားနာကျင်နေတာ၊ သွား မကြာခဏ ကျွတ်တာ၊ ဆုံးရှုံးလာတာ၊ သွားဖုံးအရောင်ဖျော့လာတာ၊ ကိုက်ဝါးမှုပြုလုပ်တိုင်း နာကျင်နေတာ၊မျက်နှာနဲ့ မေးရိုး ဖူးရောင်နေတာ, မေးရိုးက တချွတ်ချွတ် မည်နေတတ်တာ၊ သွားအက်ကွဲတာ ဒါမှမဟုတ် ကျိုးတာ, အာခေါင်၊ ပါးစပ်ခြောက်သွေ့လွန်းတာ စတာတွေပါပဲ။ 

ဒီလက္ခဏာတွေအပြင် အပြင်းအထန် ဖျားနာတာ၊ လည်ပင်းနဲ့ မျက်နှာဖူးရောင်တာတွေလည်း ဖြစ်စေ နိုင်ပါတယ်။

 
သွားနဲ့ခံတွင်းပြဿနာတွေဖြစ်စေသော အကြောင်းအရင်းများ
 

သင့်ခံတွင်းကို မကျန်းမာစေနိုင်တဲ့ပြဿနာတွေအားလုံးရဲ့ အရင်းခံကတော့ ဘက်တီးရီးယားတွေ၊ မှိုတွေနဲ့ ဒီအရာတွေက ပုံမှန်အားဖြင့် သင့်ခံတွင်းကို များများစားစား ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် သကြားဓာတ် များများစားစားရသွားရင်တော့ဖြင့် အခြေအနေက အများကြီးပြောင်းလဲသွားပါလိမ့်မယ်။
 

သကြားဓာတ်ပမာဏကြောင့် အက်ဆစ်ဓာတ် ထုတ်လုပ်ပေးမယ့် ဘက်တီးရီးယားတွေ အပြင်းအထန် ထကြွသောင်းကျန်းကြတော့မှာပါ။ ဒီဘက်တီးရီးယားလေးတွေထုတ်လွှတ်လိုက်တဲ့ အက်ဆစ်ဓာတ်တွေဟာ သွားရဲ့ ကြွေသွားအလွှာကို ဖျက်ဆီးနိုင်သလို သွားပိုးပေါက်တွေလည်း ဖြစ်စေပါတယ်။
 

ဘက်တီးရီးယားတွေဟာ သင့်ရဲ့ သွားဖုံးတစ်လျှောက်မှာ ပေါက်ပွားရှင်သန်နေကြပြီးတော့ ပုံမှန်သွားနဲ့ ခံတွင်းကို မသန့်စင်ပေးဘူးဆိုရင် သွားတစ်လျှောက်မှာ ပိုမိုတိုးပွားလာကြတော့မှာပါ။ သူတို့တိုးပွားလာတာကို သင့်ဘက်က မတားဆီးနိုင်ဘူးဆိုရင် ပထမအဆင့်မှာ သွားဖုံးရောင်တာ (Gingivitis) ဖြစ်မှာဖြစ်ပါတယ်။ ပိုမို ဆိုးရွားတဲ့အခြေအနေမှာ ရေစီးကမ်းပြိုရောဂါ (Periodontitis) ဖြစ်လာပါလိမ့်မယ်။
 

သွားဖုံးရောင်တာ (Gingivitis) နဲ့ ရေစီးကမ်းပြိုရောဂါ (Periodontitis) အပါအဝင် သွားနဲခံတွင်း ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တဲ့နောက်ထပ် အခြေအနေတွေ ရှိနေပါတယ်။ ဒါတွေကတော့
 

    ဆေးလိပ်သောက်သုံးတာ၊
    သွားပုံမှန်မတိုက်တာ၊
    သကြားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေနဲ့ အအေးတွေ မှီဝဲလေ့ရှိတာ၊
    ဆီးချိုရောဂါရှိတာ၊
    တံတွေးထုတ်လုပ်မှုကို လျော့ကျစေတဲ့ ဆေးဝါးတွေ မှီဝဲနေရတာ၊
    ရောဂါဖြစ်ပွားဖူးတဲ့ မျိုးရိုးရှိတာ၊
    HIV ၊ AIDS စတဲ့ရောဂါတွေလိုမျိုး ကူးစက်ရောဂါတစ်မျိုးမျိုး ကူးစက်ခံထားရတာ၊
    (အမျိုးသမီးတွေ) ဟိုမုန်းအပြောင်းအလဲ ဖြစ်နေတာ၊
    ရင်ပူတတ်တာ၊ အစာခြေရည်ပြန်ဆန်တက်တတ်တာ၊
    မကြာခဏ အန်တတ်တာ စတာတွေကြောင့်ပါပဲ။

 
ရောဂါရှာဖွေစစ်ဆေးခြင်း
 

အများစုသော သွားနဲ့ ခံတွင်းပြဿနာတွေဟာ ကျွမ်းကျင်သူ သွားဆရာဝန်နဲ့ သွားစစ်ဆေးမှု (Dental Exam) ပြုလုပ်မှသာ သိရှိနိုင်ပါတယ်။ Dental Exam မှာတော့ သွားဆရာဝန်က သင့်ရဲ့ သွား၊ ပါးစပ်၊ လည်ချောင်း၊ လျှာ၊ မေးစေ့၊မေးရိုးနဲ့ လည်ပင်းတွေကို စနစ်တကျ စစ်ဆေးမှာဖြစ်ပါတယ်။

 ဒီလိုစစ်ဆေးရာမှာ လိုအပ်တဲ့ နည်းပညာအကူအညီတွေကို ရယူအသုံးပြုမှာဖြစ်ပြီးတော့ သင့်ရဲ့သွားတွေ အခြေအနေကောင်းမွန်မှုရှိမရှိဆိုတာကို သိနိုင်ဖို့ X-ray ဓာတ်မှန်ရိုက်ကူးပြီး စစ်ဆေးမှာပါ။ ဒါကြောင့် မိမိဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ရှိနေမယ်ဆိုရင် ဆရာဝန်ကို ကြိုတင်အသိပေးဖို့ လိုအပ်မှာ ဖြစ် ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဓာတ်မှန်ရိုက်ကူးဖို့ မသင့်လျော်တာကြောင့်ပါ။
 ရောဂါရှာဖွေစစ်ဆေးရာမှာ အောက်ပါအရာတွေကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ ကင်ဆာလို့ ယူဆရင်တော့...,
    X-ray ဓာတ်မှန်၊
    MRI scan၊
    CT scan နဲ့
    Endoscopy လို့ခေါ်တဲ့ မှန်ပြောင်းကြည့်တဲ့နည်းလမ်းတွေပါ သုံးရနိုင်ပါတယ်။

 
သွားနှင့်ခံတွင်းရောဂါ အမျိုးအစားများ
 

သွားနဲ့ ခံတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါအမြောက်အများရှိပါတယ်။ အများစုဟာ သွားနဲ့ ခံတွင်းကို စနစ်တကျ မစောင့်ရှောက် မထိမ်းသိမ်းတာကြောင့်ဖြစ်လာတဲ့ ရောဂါတွေဖြစ်ကြပါတယ်။ ရောဂါအများစုဟာ ကာကွယ် တားဆီးလို့ရပြီး သွားနဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့သာ လိုအပ်တာပါ။
 

ဒါပေမယ့်လည်း လေ့လာချက်တွေအရဆိုရင် လူတိုင်းဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ အနည်းဆုံး တစ်ခုကိုတော့ ဘဝတသက်တာမှာ ကြုံဆုံရလေ့ရှိပါ။ သွားနဲ့သက်ဆိုင်တဲ့ရောဂါတွေနဲ့ ခံတွင်းနဲ့ သက်ဆိုင် တဲ့ရောဂါတွေဆိုပြီး ၂ ပိုင်း ခွဲခြားနိုင်ပါတယ်။ သွားနဲ့သက်ဆိုင်တဲ့ ရောဂါတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
 
    သွားပိုးစားခြင်း (Cavities) ၊
    သွားအက်ခြင်း၊ သွားပဲ့ခြင်း၊
    သွားကျဉ်ခြင်း (Tooth Sensitivity)
    Dental Plaque
    Impacted Teeth
    Root Canal
    သွားအရောင်ကျွတ်ခြင်း (Teeth Discoloration)
    သွားအတွင်းသားရောင်ခြင်း (Pulpitis) စတာတွေပါပဲ။

 "ခံတွင်း၊ ပါးစပ်တို့နဲ့သက်ဆိုင်တဲ့ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်"
   ပါးစပ်ခြောက်ခြင်း (Xerostomia)
    ခံတွင်းအနံ့ဆိုးထွက်ခြင်း (Bad Breath)
    လည်ချောင်းနာခြင်း (Sores)
    Glossitis
    သွားဖုံးရောင်ခြင်း (Gingivitis) ၊
    ရေစီးကမ်းပြိုလိုက်ခြင်း (Periodontitis) စတာတွေပါပဲ။

 ခံတွင်းပြဿနာတွေထဲမှာ ကင်ဆာကလည်း အဖြစ်များပြီး ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ခံတွင်း ကင်ဆာ (Oral cancer) ဟာ အမျိုးအစားအမျိုးမျိုးရှိပြီး အောက်ပါအစိတ်အပိုင်းတွေမှာ ဖြစ်တာတွေ ကိုလည်း ဖြစ်နိုင်ပါတယ်။
 
    သွားဖုံးကင်ဆာ၊
    လျှာကင်ဆာ၊
    နှုတ်ခမ်းကင်ဆာ၊
    မေးရိုးကင်ဆာ၊
    လျှာအောက်ပိုင်းက မြင်းခွာပုံနေရာမှာဖြစ်တဲ့ ခံတွင်းကြမ်းပြင်ကင်ဆာ၊
    Hard palate နဲ့ Soft palate ကင်ဆာတို့ပဲဖြစ်ပါတယ်။

 လူတစ်ယောက် ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကျဆုံးအချက်တွေကတော့ ဆေးလိပ်၊ ကွမ်းစတာတွေ မှီဝဲတာ၊ ဆေးရွက်ကြီးငုံတာတွေဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။
 
ခံတွင်းကျန်းမာရေးနှင့် ပြင်ပကျန်းမာရေးပြဿနာများ၏ ဆက်နွယ်မှု
 ခံတွင်းကျန်းမာရေးဆိုပေမယ့် တခြားသော ပြင်ပရောဂါတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ခံတွင်းကို သန့်စင်အောင် မထားရှိတဲ့အခါ သွားနဲ့ ခံတွင်းသာမက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွနဲ့ တခြားသော ရောဂါ တွေကိုလည်း တွန်းအားပေးပါတယ်။
 

နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုချက်တွေအရ ခံတွင်းကျန်းမာရေးရဟာ ခန္ဓာကိုယ်က တခြား ရောဂါတွေနဲ့ ပတ်သက်ဆက်နွယ်နေလေ့ရှိကြောင်း သိရှိထားရကြပါပြီ။ Mayo Clinic ရဲ့ အဆိုအရ အောက်ပါ ရောဂါတွေဟာ ခံတွင်းကျန်းမာရေးနဲ့ ဆက်နွယ်နေတယ်လို့ဆိုပါတယ်။
 

ဒါတွေကတော့
     နှလုံးရောဂါ၊
    ကလေးပေါင်ချိန်မပြည့်ပဲ မွေးတာ၊
    ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်တဲ့ရောဂါ (Endocarditis)၊
    အချိန်မတိုင်မီစောလျှင်စွာ မီးဖွားခြင်း စတာတွေပါပဲ။

 ကုသခြင်း
 သွားနဲ့ခံတွင်းမှာ ရောဂါကင်းနေဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်ဖို့ လိုအပ်သလို တစ်နှစ် ၂ ကြိမ် ကျွမ်းကျင်သူနဲ့ ပြသကုသဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပုံမှန်ပြုလုပ်နေမှသာ ရောဂါဖြစ်နိုင်ခြေရှိမရှိ၊ ကာကွယ်ရမယ့် အခြေအနေနဲ့ ရောဂါရှိနေခဲ့ရင် ကုသရမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာပါ။
 

တကယ်လို့ ကိုယ့်မှာ သွားနဲ့ ခံတွင်းဆိုင်ရာ ရောဂါတစ်စုံတစ်ရာရှိနေတယ်ဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ ကုစားနိုင်မှာဖြစ်ပါတယ်။
 

    ကျွမ်းကျင်သူဖြင့် သန့်စင်သည့်နည်းလမ်း (Cleanings)
    ဖလူရိုက်အသုံးပြု ကုသနည်း (Fluoride treatments)
    ပဋိဇီဝဆေးအသုံးပြု ကုသနည်း (Antibiotics)
    အပေါက်ဖာခြင်း၊ ကွပ်ခြင်း၊ အကာတပ်ခြင်း (Fillings, Crowns and Sealants)
    Root Canal နည်းလမ်း၊
    Probiotics မှီဝဲတဲ့နည်းလမ်း၊
    နေ့စဉ်အမူအကျင့်တွေကို ပြောင်းလဲခြင်းနည်းလမ်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

 ဒါ့အပြင် ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ ရောဂါအခြေအနေပြင်းထန်တဲ့အခါမျိုးတွေမှာ ခွဲစိတ် ကုသဖို့ လိုအပ်ပြီးတော့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
     Flap surgery
    Bone grafting
    Soft tissue grafts
    Tooth extraction
    သွားပြန်စိုက်ခြင်းနည်းလမ်း (Dental implants) စတာတွေပါပဲ။
Takeaways
 သွားနဲ့ခံတွင်းကျန်းမာရေးဟာ ဂရုစိုက်ရမယ့် အရာတစ်ခုပါ။ သွားနဲ့ ခံတွင်းက သိပ်အရေးကြီးဘူးလို့ ယူဆပြီး ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် သွားနဲ့ခံတွင်းနဲ့ မဆိုင်တဲ့ တခြားနောက်ဆက်တွဲရောဂါတွေပါ ဖြစ်လာ နိုင်ပါ တယ်။ (Crd:hallosayawan)

Post a Comment

0 Comments