ဆေးလိပ်သောက်သူတွေရဲ့ ခံတွင်းနံ့ဆိုး ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ?
ဘာလို့ ခံတွင်းနံ့ဆိုး ရတာလဲ
ဆေးလိပ်သောက်သူတွေမှာ ခံတွင်းနံ့ဆိုး ရတဲ့အဓိက အကြောင်းရင်းကတော့ ဆေးလိပ်မှာပါတဲ့ ဓာတု ပစ္စည်းတွေရဲ့အကြွင်းအကျန်တွေက ခံတွင်းမှာ ကပ်ကျန်ခဲ့လို့ပါပဲ။ ဓာတုပစ္စည်းတွေကြောင့် သွား၊ သွားဖုံး ၊ လျှာနဲ့ ပါးစောင်တဝိုက်မှာ ရောဂါတွေဖြစ်စေနိုင်ပါတယ်။
နောက်တစ်ချက်က ဆေးလိပ်သောက်ရင် တံတွေးအထွက်နည်းပြီး ခံတွင်းခြောက်သွေ့စေလို့ပါပဲ။ ခံတွင်း ခြောက်သွေ့တဲ့အခါ ဘက်တီးရီးယားတွေစုပြီး ခံတွင်းနံ့ကို ဆိုးစေပါတော့တယ်။
(၁) သွားကို မှန်မှန်တိုက်ပါ။
မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ကို ပုံမှန်သွားတိုက်ဖြစ်ဖို့ ကြိုးစားပါ။ တိုက်ပေမယ့် သွားတိုက်နည်းမမှန်လည်း အကျိုးမထူးပါဘူးနော်။ စက်ဝိုင်းပုံသဏ္ဍာန်လမ်းကြောင်း ဝိုက်ပြီး သွားတိုက်ပါ။
(၂) လျှာကိုလည်း မမေ့ပါနဲ့။
သွားတိုက်တယ်၊ ပလုပ်ကျင်းတယ်၊ ဒါပေမယ့် လျှာကိုတော့ သန့်ရှင်းပေးဖို့ မေ့မကျန်သင့်ပါဘူး။ လျှာပေါ်မှာကပ်နေတဲ့ ခံတွင်းနံ့ဆိုးတာကိုဖြစ်စေတဲ့ စားကြွင်းစားကျန်တွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးဖို့လိုပါတယ်။
(၃) ရေများများ သောက်ပါ။
ခံတွင်းကျန်းမာရေးအတွက် တံတွေးက အရေးပါတဲ့နေရာက ကာကွယ်ပေးနေတာပါ။ တံတွေးထွက်ရှိမှု လုံလောက်မှ သွားနဲ့သွားဖုံးတွေကြားမှာ ကပ်ငြိနေတဲ့ အမှုန်အမွှား၊ အကြွင်းအကျန်တွေကို သဘာဝအလျောက် ဖယ်ရှားသန့်စင်ပေးနိုင်မှာပါ။
(၄) သွားနဲ့ သွားဖုံးကို ဂရုစိုက်ပါ။
ခံတွင်းကျန်းမာရေးကို ဂရုမစိုက်လို့ သွားပိုးစားတာ၊ သွားဖုံးပြည်တည်တာတွေ ဖြစ်လာရင် ခံတွင်းနံ့ဆိုး ရုံတင်မကဘဲ အန္တရာယ်ပိုကြီးနိုင်ပါတယ်။ နဂိုအခံကမှ မကျန်းမာတာကို ဆေးလိပ်ကြောင့် ထပ်ပြီးထိခိုက်ရရင် မလွယ်ပါဘူးနော်။
(၅) သကြားမပါတဲ့ ပီကေဝါးပါ။
ပူရှိန်းပီကေ၊ ပူရှိန်းသကြားလုံးတို့လို ပူစီနံနဲ့ လုပ်ထားတဲ့ အချိုသိပ်မပါတဲ့ ပီကေတွေ ဝါးပေးပါ။ ပီကေများများဝါးလေ တံတွေး များများထွက်လေဖြစ်ပြီး ခံတွင်းခြောက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
(၆) ငုံဆေးသကြားလုံးစားပါ။
ခံတွင်းနံ့ကို ကောင်းစေတဲ့အပြင် ရောဂါပိုးမွှားတွေပါ ကာကွယ်ပေးတဲ ငုံဆေး၊ ဆေးသကြားလုံးတွေကို ဆောင်ပါ။ ဆေးလိပ်သောက်ပြီးတိုင်း စားထားလိုက်ရုံပဲ၊ ခံတွင်းနံ့အတွက် ပူစရာမရှိတော့ဘူးပေါ့။ ဥပမာ ဆေးသကြားလုံးတွေ ဆိုရင် ယူကလစ်ပင်ကရရှိတဲ့အဆီနဲ့ ပရုပ်အေးကို အခြေခံပြီး ထုတ်လုပ်ထားလို့ ခံတွင်းနံ့ဆိုး ကင်းစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် Acacia Gum ပါဝင် တယ်ဆိုရင် ခံတွင်းကျန်းမာရေးကို နှစ်ဆပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။
(၇) ဆေးလိပ် လျှော့သောက်ပါ။
ခံတွင်းနံ့ကဆိုးနေပြီ၊ ခံတွင်းတွေလည်း ခြောက်နေပြီး၊ သွားနဲ့သွားဖုံးတွေလည်း သိပ်မကောင်းဘူး ဆို ဆေးလိပ် သောက်ခြင်းရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေလည်း ဖြစ်လာတော့မှာပါ။ ဒီတော့ ဆေးလိပ်ကို ဖြတ်နိုင်ရင် အကောင်းဆုံးဆိုပေမယ့် မဖြတ်နိုင်ရင်တောင် လျှော့သောက်သင့်နေပါပြီ။ တစ်နေ့မှာ ဘယ်နှလိပ် ဆိုပြီး အကန့်အသတ်နဲ့ပဲ သောက်ပါ။(hellasayawan)
0 Comments