Ticker

6/recent/ticker-posts

ဘလူးဘယ်ရီသီး၏ ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ချက်

 

Premier Blueberry Bush

🫐 Super fruit ဘလူးဘယ်ရီသီး၏ ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ချက်
အမည်မှာသာ အပြာရောင်ဘယ်ရီ (Blueberry) ဟုဆိုသော်လည်း အမှန်တကယ် ဘလူးဘယ်ရီသီး၏ အရောင်မှာ ခရမ်းရောင်ရင့်ရင့် ဖြစ်ပါသည်။ ဘလူးဘယ်ရီသီးတွင် အဓိကပါဝင်သော အင်သိုဆိုင်ရာနင် (Anthocyanin) ဒြပ်ပေါင်းကြောင့် ထိုကဲသို့ ခရမ်းရင့်ရောင် ဖြစ်နေရခြင်းဖြစ်သည်။ 
အင်သိုဆိုင်ရာနင်ဒြပ်ပေါင်းသည် ဖလေဗိုနွိုက် (Flavonoid) အမျိုးနွယ်ဝင် ဆေးဖက်ဝင် ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဘလူးဘယ်ရီသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများကို ပေးစွမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ယနေ့တွင် ဘလူးဘယ်ရီသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများကို အကျဉ်းတင်ပြလိုပါသည်။
 
1⃣ မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း 🫐
သုတေသနရလဒ်များအရ ဘလူးဘယ်ရီသီး စားသုံးပေးခြင်းဖြင့် ဇရာကြောင့်ဖြစ်သော မှတ်ဉာဏ်လျော့ပါးမှုကို နှေးကွေးစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါသည်။
 
2⃣ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း 🫐
နိုင်ငံတကာသုတေသနများအရ ဘလူးဘယ်ရီသီး ပုံမှန်စားသုံးခြင်းသည် ဇရာကြောင့် အမြင်အာရုံထိခိုက်သော ရောဂါ (Age-related macular degeneration) ကိုကာကွယ်ပေးနိုင်ပြီး အမြင်အာရုံကို ကောင်းမွန်စေကြောင်း တွေ့ရသည်။ မျက်စိအတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်းနှင့် ဓာတ်တိုးဆန့်ကျင်အာနိသင်တို့က မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေရန် အထောက်အကူပြုပေးနိုင်သည်။ ဘလူးဘယ်ရီတွင်ပါဝင်သော ဗီတာမင်-အေ၊ ဗီတာမင်-အီး နှင့် ဇင့် တို့ကလည်း အမြင်အာရုံကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်သော မရှိမဖြစ် အာဟာရဓါတ်များ ဖြစ်ကြသည်။
 
3⃣ သွေးပေါင်ကျစေခြင်း 🫐
နိုင်ငံတကာ သုတေသနများအရ ဘလူးဘယ်ရီသီးကို နေ့စဉ်စားပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ကျဆင်းစေသောကြောင့် သွေးတိုးရောဂါရှင်များအတွက် အထူးသင့်တော်သည်။ ထို့ပြင် ဘလူးဘယ်ရီသီးတွင် သွေးပေါင်တက်စေသော ဆိုဒီယမ် (ဆားဓာတ်) မပါဝင်ပါ။
 
4⃣ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း 🫐
ဘလူးဘယ်ရီသီး တစ်ခွက်စာပမာဏတွင် အမျှင်ဓာတ် ၃.၆ ဂရမ်ပါဝင်ပါသည်။ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်သော အစားအစာများသည် သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေရန် ကူညီပေးနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများ မှီဝဲသင့်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။
 
5⃣ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ခြင်း 🫐
ဘလူးဘယ်ရီသီးတွင် ပါဝင်သော အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဖောလိတ်၊ ဗီတာမင်-စီ၊ ဗီတာမင် ဘီ-၆ နှင့် အင်သိုဆိုင်ရာနင် ကဲ့သို့သော ဆေးဖက်ဝင်ဒြပ်ပေါင်းများသည် နှလုံးကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ပါသည်။ သွေးတွင်းအဆီဓါတ်ကို ကျဆင်းစေခြင်းနှင့် သွေးပေါင်ချိန် ထိန်းညှိပေးနိုင်သော အာနိသင်များကြောင့်လည်း နှလုံးကို ကျန်းမာလာအောင် ကူညီပေးနိုင်သလို နှလုံးသွေးကြောကျဉ်း ရောဂါများအတွက်လည်း အထောက်အကူပြုသည်။
 
6⃣ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ခြင်း 🫐
ဘလူးဘယ်ရီသီးတွင် ပါဝင်သော ဗီတာမင်-စီ၊ ဗီတာမင်-အေ၊ ဖောလိတ် နှင့် အခြားသော ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိသော ဒြပ်ပေါင်းများက ခန္ဓာကိုယ်ရှိဆဲလ်များကို ဖရီးရယ်ဒီကယ်များ၏ရန်မှ ကာကွယ်ပေးခြင်းဖြင့် အလုံးအကျိတ်ဖြစ်ပွားမှုကို လျော့ပါးစေသည်။
 
7⃣ အရိုးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း 🫐
ဘလူးဘယ်ရီသီးတွင် သံဓာတ်၊ ဖော့စဖရပ်စ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ မန်းဂနိစ်၊ ဇင့် နှင့် ဗီတာမင်-ကေ တို့ပါဝင်သောကြောင့် အရိုးများ၏ ကြံ့ခိုင်မှုကို ကောင်းမွန်စေပါသည်။
 
8⃣ အရေပြားကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း 🫐
ဘလူးဘယ်ရီသီး တစ်ခွက်စာပမာဏခန့်ကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သော ဗီတာမင်-စီ ၂၄% ကို ဖြည့်တင်းပေးနိုင်သည်။ ဗီတာမင်-စီ သည် ကော်လာဂျင်နှင့် တွဲဖက်လုပ်ဆောင်ခြင်းဖြင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေသည်။ နေရောင်ခြည်နှင့် လေထုညစ်ညမ်းမှုများကြောင့် အရေပြားထိခိုက်မှုကို ကာကွယ်ပေးနိုင်သလို အရေပြား အရေးအကြောင်းများကို လျော့နည်းစေပြီး အရွယ်တင်နုပျိုစေသည်။ 
 
9⃣ ကိုယ်အလေးချိန်ကို ကျဆင်းစေခြင်း 🫐
ဘလူးဘယ်ရီသီးတွင် ပါဝင်သော အမျှင်ဓာတ်များကြောင့် ကိုယ်အလေးချိန် လျှော့ချရန်နှင့် ထိန်းညှိရန်အတွက် အလွန်အသုံးဝင်ပါသည်။ အမျှင်ဓာတ်များက အစာစားချင်စိတ်ကို လျှော့နည်းစေပြီး ဗိုက်မြန်မြန်ပြည့်စေသဖြင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အကူအညီပေး နိုင်သည့်အပြင် ဝမ်းမှန်စေသဖြင့် ဝမ်းချုပ်သူများအတွက်လည်း အဆင်ပြေစေပါသည်။
 
🔟 ကြွက်သားပျက်စီးမှုကို လျော့နည်းစေခြင်း 🫐
ကိုယ်လက်လှုပ်ရှား အားကစား အပြင်းအထန် ပြုလုပ်လေ့ရှိသူများတွင် ကြွက်သားပျက်စီးမှုကြောင့် နာကျင်ခြင်းနှင့် မလှုပ်နိုင်လောက်အောင် ကြွက်သားပင်ပန်းခြင်းတို့ ဖြစ်လေ့ရှိသည်။ ဘလူးဘယ်ရီသီး၏ အရောင်ကျစေသောအာနိသင်နှင့် ဓာတ်တိုးဆန့်ကျင်အာနိသင်တို့က အားကစား အပြင်းအထန် ပြုလုပ်ရာမှဖြစ်သော ကြွက်သားပျက်စီးမှုများကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးနိုင်သည်။
 
⚠️သတိပြုရန်
သွေးကျဲဆေး (Wafarin) သောက်နေရသူများသည် ဘလူးဘယ်ရီသီးကို ပုံမှန်စားသုံးမည်ဆိုပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်ပါသည်။ G6PD အင်ဇိုင်းချို့တဲ့သူများ (G6PD deficiency ရှိသူများ) သည် ဘလူးဘယ်ရီကို ရှောင်ကြဉ်သင့်ပါသည်။  Crd: ဒေါက်တာခင်မောင်လွင် (FAME)

Post a Comment

0 Comments