Ticker

6/recent/ticker-posts

သွေးဆင်းမမှန်တဲ့ အမျိုးအစား

 

အဓိက (၄) မျိုး ရှိပါသည်။

(၁) လစဉ် ပုံမှန်တော့ဆင်းသည်။ သို့သော် ဆင်းတဲ့ပမာဏ များတာဖြစ်ဖြစ်၊ ဆင်းတဲ့ရက် များတာဖြစ်ဖြစ်၊ ဖြစ်တတ်တဲ့ ရောဂါကတော့ သားအိမ်မှာဖြစ်တဲ့ရောဂါနဲ့ သားအိမ်နဲ့ပတ်သက်တဲ့ သွေးကြောမှာ ဖြစ်တဲ့ရောဂါမျိုး။

(၂) လစဉ်တော့ ဆင်းသည်။ ခဏခဏဆင်းပြီး ပမာဏကတော့ ပုံမှန်ဖြစ်သည်။ သားအိမ်မှာ ပြဿနာမရှိပဲ မျိုးဥအိမ်မှာ ရောဂါဖြစ်ခြင်း၊ ပုံမှန်မလုပ်နိုင်တာကြောင့်ဖြစ်ဖြစ် မျိုးဥအိမ်ကိုထိန်းချုပ်ထားတဲ့ ပီကျူ ထရီဂလင်း နဲ့ သဟဇာတမဖြစ်လို့ ဖြစ်ရပါသည်။

(၃) ဓမ္မတာများစွာလာပြီး ခဏခဏလာတဲ့ ရောဂါတစ်မျိုးရှိပါသည်။ သူကတော့ သားအိမ်နဲ့မျိုးဥအိမ်မှာ ရောဂါဖြစ်တဲ့ အတွက် ဖြစ်ရပါသည်။

(၄) တောက်လျောက်ဖြစ်ဖြစ်၊ ပုံမှန်မဟုတ်ပဲဖြစ်ဖြစ် သွေးဆင်းခြင်းမျိုးမှာဆိုလျှင် မျိုးပွားလမ်းကြောင်းရဲ့ မျက်နှာပြင် ထိခိုက်တဲ့ရောဂါနဲ့ မသိသာတဲ့ကင်ဆာရောဂါမှာ အနာဖြစ်ရင်လည်း ဆင်းတတ်ပါသည်။

ဖြစ်ရသည့်အကြောင်းအရင်း

ရုတ်တရက်ဖျားနာခြင်း၊ သွေးခဲမူမမှန်ခြင်း၊ သွေးကြောမျှင် ထိခိုက်လွယ်ခြင်း၊ နာတာရှည် နှလုံးအလုပ် မလုပ်နိုင် တဲ့ရောဂါ၊ စိတ်ပိုင်းဆိုင်ရာရောဂါ၊ စိတ်လှုပ်ရှားခြင်း၊ လိင်စိတ်မပျော်ရွှင်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း၊ သွိုင်းရွိုက်ဂလင်း အလုပ်ကောင်းကောင်းမလုပ်ခြင်း၊ ဟိုက်ပို သယ်လမတ်နှင့် ပီကျူထရီ အလုပ်မလုပ်ခြင်း၊ အသည်းကြွပ်ခြင်း စသည့်ရောဂါတွေကြောင့် သွေးဆင်း မမှန် ဖြစ်တတ်ပါသည်။

ကိုယ်ဝန်နုစဉ်က ကလေးပျက်ကျခြင်း၊ စပျစ်သီးသန္ဓေ၊ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း၊ သားအိမ်နှစ်ဥ ဖြစ်ခြင်း စသည့် အကြောင်းတွေရယ်၊ သားအိမ်အတွင်းနံရံထိခိုက်အောင် ဒဏ်ရာရစေတာ၊ ပြင်ပပစ္စည်း တစ်ခုခု ထည့်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ နာတာရှည်သားအိမ်ရောင်ခြင်း၊ တီဘီသားအိမ်ရောင်ခြင်း၊ အသက်ကြီး၍ သားအိမ် သိမ်လှီပြီးရောင်ခြင်း။

သားအိမ်နှင့် မျိုးဥအိမ်တွင်ဖြစ်သည့် Endometriosis ‌‌ရောဂါ၊ သားအိမ်နဲ့ မျိုးဥအိမ်ကင်ဆာရောဂါ၊ သွေးခဲခြင်းကို ပြန်ချေဖျက်တဲ့လုပ်ငန်း အလွန်အကျူးဖြစ်ရင်လည်း သွေးဆင်းမမှန်ဖြစ်တတ်ပါသည်။

ဆေးရုံတွင် DUH ဟု နာမည်တပ်သည့်ရောဂါအကြောင်း

DUH ‌‌ ဆိုတာ Disfunctional Uterine Haemorrhage ‌ လို့ခေါ်ပါသည်။  သားအိမ်နဲ့ မျိုးဥအိမ်မှာ သိသာတဲ့ မူမမှန်ခြင်း မတွေ့ရပါဘူး။ အဲ့ဒီရောဂါမှာ နှစ်ပိုင်းရှိပါသည်။ တစ်ပိုင်းက မျိုးဥကြွေပြီး ဖြစ်တဲ့ရောဂါနဲ့ နောက်တစ်ခု က မျိုးဥမကြွေပဲဖြစ်တဲ့ရောဂါဆိုပြီး ရှိပါသည်။

မျိုးဥကြွေတဲ့ အမျိုးအစားမှာ မျိုးဥအတွင်း တစ်ခုခုမှားနေလို့ ဖြစ်ခြင်းဖြစ်သည်။ မျိုးဥကြွေတာ နှစ်ပိုင်းရှိပါသည်။ ယခုဖြစ်ရတာက ပထမပိုင်းမှာဖြစ်တော့ မျိုးဥတစ်ဥထက်မကမှည့်ပြီး ကြွေပါသည်။ တစ်ဆက်တည်း သားအိမ်က သွေးသွန်တာ (၂)ပတ် (၃)ပတ်တစ်ခု ဖြစ်တတ်ပါသည်။

တစ်ခါတလေ ကိုယ်ဝန်ဆောင်မွေးဖွားပြီးနောက် လအနည်းငယ်အထိ သွေးဆင်းနေတတ်ပါသည်။ အဲ့ဒါဟာ ပီကျူထရီဂလင်း အလုပ်မလုပ်တော့တာကြောင့် ဖြစ်ရပါသည်။ အဲ့ဒီအချိန်မှာ မျိုးဥအိမ်က လှုံ့ဆော်မှုများခြင်း သို့မဟုတ် ပုံမမှန်ခြင်းကြောင့်ဖြစ်ရပါသည်။ သွေးပေါ်ခါစနှစ်အနည်းငယ် သို့မဟုတ် သွေးမဆုံးခင်နှစ် အနည်းငယ်မှာတောင် ဖြစ်တတ် ပါသည်။ နောက်တစ်နှစ်နှစ်နှစ်ကြာလျှင် သူ့အလိုလို ကောင်းသွား တတ်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ ညှပ်ရိုးကွင်း တွင်းရှိကလီစာများတွင် ရောဂါပိုးဝင်ရင်လည်း မျိုးဥအိမ် ရောင်တတ်ပါသည်။ အဲ့ဒီအခါမှာ သွေးဆင်းမမှန်ဖြစ်တတ်ပါသည်။

သွေးဆင်းတာက ပုံမှန်ဖြစ်ပြီး တစ်ခါတစ်ခါဆင်းရင် အတော်များများဆင်းပြီး ရက်ရှည်တတ်တဲ့ရောဂါက မျိုးဥအိမ်မှာ မျိုးဥကြွေပြီးတာနဲ့ အဲ့ဒီနေရာမှာကျန်ရှိနေတဲ့ Corpus Luteum က ပုံမှန် အလုပ်မလုပ်တာရယ်၊ ဖြစ်မလာတာတွေ ကြောင့် သားအိမ်အတွင်းနံရံ ရင့်မှည့်မှုမမှန်တာတွေကြောင့် အမှန်တကယ် ဆင်းရမည့်ရက်ထက် နည်းနည်းလေးနဲ့ ရက်များများ ကြိုဆင်းတတ်ပါသည်။

တချို့ကျတော့ ပုံမှန်ရက်အတိုင်းစီးဆင်းပြီး နောက်ရက်အနည်းငယ်လောက်ထပ်ပြီး သွေးဆင်းတာမျိုးလည်း ရှိပါသည်။ မျိုးဥကြွေတဲ့ နေရာမျိုးဥအိမ်မှာ မှားယွင်းမှုတစ်ခုကြောင့်ဖြစ်ပြီး နောက်ပိုင်း မျိုးဥအသစ် ကြွေတဲ့အခါ ပုံမှန်ဖြစ်ပြီး သွေးဆင်းတတ်ပါသည်။

မျိုးဥဟာ ကြွေပြီးကျန်ခဲ့တဲ့ မျိုးဥအိမ်နေရာဟာ လုံးဝပျောက်ကွယ်သွားရတဲ့သဘောရှိပြီး လုံးဝမပျောက်ကွယ်တာ၊ ဖြည်းဖြည်းချင်းပျောက်တာတွေကြောင့် သားအိမ်အတွင်းနံရံကြွေကျခြင်း မူမမှန်ဖြစ်ရင် ပုံမှန်သွေးဆင်းရက်အပြင် ခဏခဏ သွေးပြန်ပြန်ဆင်းတတ်ပါသည်။

နောက်တစ်ခါတစ်မျိုးက Metropathia Haemorrhagica လို့ ခေါ်ပါသည်။ မျိုးဥအိမ်မှာ မျိုးဥကမှည့်ပြီး မြွေကနိုင် ဖြစ်ရပါသည်။ မျိုးဥကသေပြီး အရည်အိတ်ဖြစ်သွားပါသည်။ အဲ့ဒီကနေ “မ” ဟော်မုန်း အီထရိုဂျင်တွေ ထွက်ရှိပြီး သားအိမ် ကြွက်သားထူခြင်း၊ သားအိမ်နံရံထူခြင်းဖြစ်ပြီး သွေးက (၂-၈) ပတ်ထိ ဆက်တိုက်ဆင်းပြီး သွေးဆင်း အလွန်များပြီး အသက်အန္တရာယ်ဖြစ်တတ်ပါသည်။ သွေးဆင်းပြီး နာကျင်မှု တော့မရှိပါဘူး။ သားအိမ်အနည်းငယ်ကြီးတာ၊ မျိုးဥအိမ်မှာ ရေအိတ်တည်တာတွေ ဖြစ်တတ်ပါသည်။ စိတ်ဖိစီးတတ်သူ၊ စိတ်လှုပ်ရှားတတ်သူတွေမှာ တွေ့ရတတ်ပါသည်။

တစ်ခါတလေ ငယ်ရွယ်တဲ့သူ သို့မဟုတ် အသက် ၄၅ – ၅၀ နှစ် အရွယ်တွေမှာ သွေးရက်ရှည်ရှည် ဆင်းတတ်ပြီး သူတို့တွေရဲ့ မျိုးဥအိမ်က “မ”ဟော်မုန်း အီစထရိုဂျင် လုံလုံလောက်လောက်ထုတ်တဲ့အတွက် သွေးဆင်းစေပါသည်။ ဒါပေမယ့် သွေးဆင်းခြင်းရဲ့ဖြစ်စဉ်တစ်ခုလုံး အပြည့်အဝဖြစ်တာတော့ မဟုတ်ပါဘူး။

ရောဂါရှာဖွေခြင်း

သွေးဆင်းတာဟာ သားအိမ်ထဲကမဟုတ်လည်း တစ်ခါတလေ စအိုဘက် ဆီးလမ်းကြောင်းဘက်က လာတတ်ပါသည်။ ဒါကို ခွဲခြားသိဖို့လိုပါသည်။ အချက် (၅) ချက်ကို စဉ်းစားရပါမည်။

(၁) ကုသမှုထိ‌ရောက်သည်ဆိုတာ ဘာကြောင့်ဖြစ်ရတာရယ် သွေးဆင်းတဲ့အမျိုးအစားပေါ်မှာ မူတည်ပါသည်။ (၂) အသက် ၂၀ နှစ်အောက်ဆိုရင် အလိုလိုပျောက်ကင်းနိုင်ပါသည်။ (၃) မျိုးပွားနိုင်တဲ့အရွယ်တွေမှာဆိုရင် ကလီစာတွေ ကြောင့်ဖြစ်တဲ့ အကြောင်းရင်းက ပိုပြီးဖြစ်နိုင်ပါသည်။ (၄) အသက် ၄၀ ထက်ကျော်သူတွေမှာ ကင်ဆာဟုတ်မဟုတ် စစ်ဆေးပြီး မျိုးပွားအင်္ဂါချို့ယွင်းချက်က ပို၍ဖြစ်နိုင်ပါသည်။ (၅) သွေးဆုံးပြီး အရွယ်တွေမှာဆိုရင် ကင်ဆာရောဂါက ပိုပြီးဖြစ်နိုင်ခြေရှိပါသည်။

သွေးဆင်းမမှန်ခြင်းနှင့် သားအိမ်ခြစ်ခြင်း

သားအိမ်ခြစ်ရသည့်အကြောင်းက သားအိမ်တွင်းမှာရောဂါဖြစ်ခြင်း(ဥပမာ – သားသမီးပျက်ကျခြင်း၊ သားအိမ်တွင် အလုံးရှိနေခြင်း၊ တီဘီရောဂါကြောင့် သားအိမ်အတွင်းနံရံရောင်ခြင်း၊ ကင်ဆာဟုတ်မဟုတ် သားအိမ်တွင်းနံရံကိုဖယ်ပြီး ဟော်မုန်းတန်ပြန်ချက်သိနိုင်အောင်လုပ်ခြင်း) စတဲ့အကျိုးကျေးဇူးတွေရပါသည်။ သွေးဆင်းများလေလေ သားအိမ်ပိုခြစ်ဖို့ လိုပါသည်။ အသက်ကြီးတဲ့သူတွေမှာ သားအိမ်မခြစ်လိုက်ရလို့ ကင်ဆာဖြစ်နေမှန်းသိတာ နောက်ကျတတ်ပါသည်။ သားအိမ်ခြစ်လိုက်လို့ ရလာတဲ့အသားစကို ဓာတ်ခွဲစစ်ဆေးဖို့လိုပါသည်။

မိန်းမကိုယ်တွင်းနံရံကနေ အရည်ယူပြီးစစ်ခြင်း

Cytology လို့ခေါ်သည့် ဆဲလ်တွေကိုစစ်ဆေးခြင်းဖြစ်သည်။ သူ့ကိုစစ်ခြင်းဖြင့် “မ” ဟော်မုန်းအီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းသွေးထဲရှိပမာဏကို သိနိုင်ပါသည်။  အဲ့ဒီလိုသိတဲ့အတွက် မျိုးဥ‌ကြွေမ‌ကြွေသိရပါသည်။ အဲ့ဒီအရည်မှာ ကင်ဆာဆဲလ်မတွေ့ရင် ကင်ဆာမဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။

သွေးထဲမှာစစ်ခြင်း

ဟီမိုဂလိုဗင်ပမာဏက သွေးအားနည်းမနည်းသိလို့ သွေးယိုစီးချိန် သွေးခဲချိန်ကိုလိုက်ခြင်းဖြင့် သွေးခဲနိုင်မှု သွေးယိုစီးခြင်း ရောဂါ ရှိမရှိသိနိုင်ပါသည်။

အခြား ဓာတ်ခွဲစမ်းသပ်မှု

ဝမ်းဗိုက်ခေါင်းထဲ မှန်ပြောင်းကြည့်ခြင်း၊ သားအိမ်နဲ့ မျိုးပွားပြွန်ထဲ ဆေးရည်သွင်းပြီး ဓာတ်မှန်ရိုက်တာ သွေးလွှတ်ကြော၊ သွေးပြန်ကြော ဓာတ်မှန်ရိုက်တာတွေ ရှိပါသည်။

ကုသခြင်း

ငယ်ရွယ်တဲ့သူတွေအတွက်ထက် အသက် ၄၀ နှစ်‌ကျော်တဲ့သူတွေမှာ ချက်ချင်းနဲ့ မြန်မြန်ပျောက်အောင် ကုသရပါမည်။ ယေဘုယျအားဖြင့် သွေးဆင်းသိပ်များနေရင် အနားယူရမည်။ လိုအပ်လျှင် စိတ်ငြိမ်ဆေး သုံးရမည်။ သွေးလမ်းကြောင်း ကလီစာတွေ ရောင်ရမ်းမှုမဖြစ်အောင် သွေးဆင်းရပ်နေစဉ်မှာ လေ့ကျင့်စက် သုံးတာ နေ့စဉ်အအေးခံရေချိုးတာ လုပ်ရသလို၊ အစားအသောက်နဲ့ စိတ်ထိခိုက်မှုမဖြစ်အောင် လုပ်ရပါသည်။ သွေးအားနည်းရင် သွေးသွင်းရပါမည်။

မျိုးပွားနိုင်တဲ့ အရွယ်တွေအတွက် ဟော်မုန်းဆေးနဲ့ ကုသမှုပေးရပါသည်။ ငယ်လေလေ ကုသမှု ထိရောက်လေပါပဲ။ သွေးပေါ်လောက်တဲ့အဆင့်မရောက်တဲ့ (ဟော်မုန်းပမာဏမပြည့်မီတဲ့သူ)ဆိုရင် အီစထရိုဂျင်ဟော်မုန်းသုံးပါသည်။ သွေးဆင်းတာ ရက်ပိုင်းအတွင်း သက်သာလာပြီး (၂၁) ရက်ကြာကြာ ပေးရပါသည်။

ပရိုဂျက်စတီရုန်းနဲ့ကုသမှုလည်း ရှိပါသည်။ ဆေးပေးပြီး (၃-၇) ရက်မှာ သွေးဆင်းရပ်ပြီး ကုသမှုရပ်လိုက်တာနဲ့ (၂-၃)ရက် ကြာမှာသွေးပြန်ဆင်းတတ်ပါသည်။ သွေးဆင်းတာသိပ်များနေရင် နောက်ထပ် ပရိုဂျက် စတီရုန်းဆေး ထပ်ပေးရပါသည်။ ငယ်ရွယ်သူတွေမှာ နှစ်ကြိမ်သုံးကြိမ်လောက်ပဲ လိုပါသည်။ တားဆေးကတ် ကို သုံးတာမျိုးလည်း ရှိပါသည်။

ခွဲစိတ်တာမျိုးကို အသက် (၄၀) နှစ်အထက်မှာ ပထမဦးစားပေးဖြစ်နိုင်ပေမယ့် ငယ်တဲ့လူတွေမှာတော့ နောက်ဆုံးမှ စဉ်းစားရပါသည်။ တချို့လူတွေမှာ သားအိမ်ခြစ်တာနဲ့သက်သာနိုင်ပေမယ့် တစ်ခါတလေ ခဏလောက်သက်သာပြီး ပြန်ပြန်ခြစ်ရတာတွေ ရှိပါသည်။ သားအိမ်အတွင်းနံရံကို ပျက်စီးတာကို အသက်ကြီးတဲ့သူတွေမှာ လုပ်တတ်ပါသေးသည်။ အဲ့ဒါကို Cryosurgery လို့ ခေါ်ပါသည်။

မျိုးဥအိမ်မှာ ရေအိတ်တည် ရင်ခွဲထုတ်တာမျိုးလည်းရှိပါသည်။ အသက်က (၄၀) နှစ်အထက်လည်းဖြစ်မယ်၊ သာမန်နည်းနဲ့ သွေးဆင်းရပ်အောင်မလုပ်နိုင်ရင် သားအိမ်ထုတ်ပစ်တဲ့နည်းဆိုတာ ရှိပါသေးသည်။ သွေးဆုံးပြီးနောက် တောက်လျောက် သွေးဆင်းတာ ခဏခဏပြန်ဆင်းတာမျိုးမှာလည်း ဘာအကြောင်းကြောင့်ဆိုတာမသိလည်း သားအိမ်ထုတ်တတ်ကြပါ သည်။ သားအိမ် ထုတ်ဖို့အခြေအနေ မပေးဘူးဆိုရင် ဓာတ်ရောင်ခြည်ကုထုံးဆိုတာရှိပါသည်။ သားအိမ်ထဲကဖြစ်ဖြစ်၊ အပြင်ကဖြစ်ဖြစ် ဓာတ်ရောင်ခြည်ပေးပြီး ကုသပါသည်။ ဒီလို ဓာတ်ရောင်ခြည်ပေးလိုက်ရင် အသက် (၄၀) နှစ်အထက် အမျိုးသမီး တွေမှာ ၉၉ ရာခိုင်နှုန်းလောက်က ထာဝရသွေးဆုံးသွားတတ်ပါသည်။

ဓာတ်ရောင်ခြည်ပေးသည့်အတွက် ဆိုးကျိုး

ဆီးအိမ်နဲ့ မစင်ဟောင်းအိမ် အပူလောင်ခြင်း၊ သွေးဆုံးလက္ခဏာပြခြင်း၊ သားအိမ်တွင်းသွေးခဲခြင်း၊ ပြည် တည်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးမွေးစဉ်မှာ သားအိမ်ခေါင်းမပွင့်နိုင်ခြင်း၊ မညှစ် နိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေပါသည်။

အဲ့ဒီတော့ ငယ်ရွယ်တဲ့အမျိုးသမီးမျိုးဥအိမ်ကို မထိခိုက်စေချင်ဘူးဆိုရင် ဓာတ်ရောင်ခြည်ပေးတာထက် သားအိမ်ထုတ်တာ ကို ပိုလုပ်ကြပါသည်။ (ဒေါက်တာဇွဲကောင်းချစ်)


Post a Comment

0 Comments