Ticker

6/recent/ticker-posts

ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ?

 Rheumatoid arthritis vs. gout: What's the difference?

 ဂေါက်ရောဂါ ဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ တစ်ခုပါ။ ခြေမတွေ၊ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာကြောင့် မြင်ရတဲ့လူတောင် သက်သောင့်သက်သာ မရှိပါဘူး။ နောက်ပြီး ဂေါက်ရောဂါလို့ ပြောလိုက်ရင် လူနာက သူတော့ အစားအသောက်တွေ ရှောင်ရတော့မယ်ဆိုပြီး သိထား ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း သောက်ရပြီး လှုပ်ရှားတာတိုင်းနာတာကြောင့် ဂေါက်ဖြစ်မှာကို လူတိုင်းကြောက်ကြပါတယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုနည်း လမ်းတွေနဲ့ ကာကွယ် ကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ဂေါက်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။

ဂေါက်ရောဂါဆိုတာ အဆစ်တွေမှာ ယူရိတ်တွေ စုလာပြီး ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာတာပါ။ ယူရိတ်ဆိုတာ သွေးထဲမှာ ယူရစ်အက်စစ်တွေများလာလို့ ဖြစ်တာပါ။ ယူရစ်အက်စစ်ဆိုတာက “ပြူရင်း” ဓာတ်ကို ဖြိုခွဲရာက ရလာတာပါ။

ပြူရင်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းလဲ ရှိသလို အပြင် အစားအစာတွေကလည်း ရပါတယ်။ ဥပမာပြောရရင် အနီရောင် အသား၊ ဝမ်းတွင်းသားနဲ့ ပင်လယ်စာတွေမှာ ပါပါတယ်။ နောက်ပြီး အရက်၊ ဘီယာ၊ သကြားဓာတ်များလွန်းတဲ့ အအေးတွေကလည်း ယူရစ်အက်စစ်ကို တက်စေပါတယ်။

ပုံမှန်ဆိုရင် ယူရစ်အက်စစ်က သွေးထဲကနေ ကျောက်ကပ်ကို ရောက်ပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်တာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ရင်ပဲ ဖြစ်ဖြစ်၊ ကျောက်ကပ်က ကောင်းကောင်း မစွန့်နိုင်ရင်ပဲ ဖြစ်ဖြစ် သွေးထဲမှာ ယူရစ်အက်စစ်တွေ များလာပြီး အဆစ်တွေမှာ စုပုံလာတာကြောင့် နာတာ၊ ရောင်တာတွေ ဖြစ်လာတာပါ။

ဘာလက္ခဏာတွေ ခံစားရမှာလဲ။

တချို့သူတွေက သွေးထဲမှာ ယူရစ်အက်စစ်တွေ များနေတာတောင် ဘာလက္ခဏာမှ မပြတာလဲ ရှိပါတယ်။

ယူရစ်အက်စစ်တွေ အဆစ်မှာပုံပြီး ၃ရက် ကနေ ၁၀ရက်အတွင်း ဂေါက်ရောဂါ ထတတ်ပါတယ်။ မကုဘဲ ထားမယ်ဆိုရင် နာတာရှည်ဂေါက်ရောဂါဖြစ်လာပြီး အဆစ်ဘေးမှာ Tophi လို့ခေါ်တဲ့ အကြိတ်ဖုလေး ထွက်လာပြီး နောက်ပိုင်းကျရင် အဆစ်ကို ဖျက်ဆီးပစ်တတ်ပါတယ်။

ဂေါက်ရဲ့ လက္ခဏာတွေက ရုတ်တရက် ပေါ်လာတတ်ပြီး အများအားဖြင့် ညဘက်မှာ ဖြစ်တတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

  • ပြင်းပြင်းထန်ထန် အဆစ်နာတာ

ဂေါက်က ဘယ်အဆစ်မှာမဆို တွေ့နိုင်ပေမယ့် ခြေမမှာ ဖြစ်တာ များပါတယ်။ တခြား ဖြစ်တတ်တဲ့ အဆစ်တွေကတော့ ခြေကျင်းဝတ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းဆစ်တွေပဲ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းနဲ့ ၁၂နာရီအတွင်းမှာ အပြင်းထန်ဆုံး နာတတ်ပါတယ်။

  • နေရခက်တာ

ဂေါက်ရောဂါ ကြွပြီးလို့ သက်သာသွားရင်တောင်မှ ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်အထိ နေရခက်တတ်ပါတယ်။ နောက်ပိုင်းကျရင် ရောဂါပိုကြွပြီး ထိခိုက်တဲ့ အဆစ်လည်း ပိုများတတ်ပါတယ်။

  • ရောင်ရမ်းခြင်းနဲ့ နီရဲခြင်း

ထိခိုက်တဲ့ အဆစ်က ရောင်ရမ်းတာ၊ ဖောင်းတာ၊ နီရဲတာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။

  • လှုပ်ရှားရခက်တာ

ရောဂါပိုဆိုးလာတဲ့အခါ အဆစ်ကို လှုပ်ရှားဖို့ ပိုခက်လာပါမယ်။

ဘယ်သူတွေမှာ ဂေါက်ရောဂါ ပိုဖြစ်နိုင်လဲ။

ဂေါက်ရောဂါရဲ့ အဓိက တရားခံက ယူရစ်အက်စစ်ပါပဲ။ ဒါကြောင့် ယူရစ်အက်စစ် တက်စေတဲ့ အချက်တွေက ဂေါက်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။

  • အစားအသောက်

အသားဓာတ်ပါတဲ့ အစားအစာတွေ၊ ပင်လယ်စာတွေ၊ အရက်၊ ဘီယာနဲ့ fructose များတဲ့ အအေးတွေက ယူရစ်အက်စစ်ကို တက်စေပါတယ်။

အဝလွန်လာတဲ့အခါ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ပြီး ကျောက်ကပ်အနေနဲ့တော့ စွန့်ထုတ်ဖို့ ပိုခက်လာပါတယ်။

  • ရောဂါများ

တချို့သော ရောဂါတွေ ဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ဂေါက်ရောဂါဖြစ်တာ တွေ့ရပါတယ်။

  • ဆေးဝါးများ

သွေးတိုးရောဂါမှာ သုံးတဲ့ ဆီးဆေးတွေ၊ အက်စပရင်တွေ၊ ခုခံအား ထိန်းညှိဆေးတွေကလည်း ယူရစ် အက်စစ် တွေ တက်စေပါတယ်။

  • မိသားစု ရောဂါ ရာဇဝင်

မိသားစုထဲမှာ ဂေါက်ရောဂါဖြစ်တဲ့သူရှိရင် ကိုယ်လည်းဖြစ်နိုင်ပါတယ်။

  • အသက်အရွယ်နဲ့ လိင်

အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် ယူရစ်အက်စစ် ပိုများပါတယ်။ သွေးဆုံးပြီးရင်တော့ အမျိုး သမီးတွေရဲ့ ယူရစ်အက်စစ် ပမာဏက အမျိုးသားတွေနဲ့ အတူတူလောက် ဖြစ်လာပါတယ်။ ဒါကြောင့် အမျိုးသားတွေက အသက် ၃၀နဲ့ ၅၀ကြားမှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေကတော့ သွေးဆုံးပြီးမှ ဖြစ် တာ များပါတယ်။

  • မကြာသေးခင်က ခွဲစိတ်မှု လုပ်ထားတာ / ထိခိုက်မိထားတာ

ဒီအချက်တွေ ရှိနေမယ်ဆိုရင်လည်း ဂေါက်ရောဂါ ပြန်ကြွတတ်ပါတယ်။

ဂေါက်ရောဂါရဲ့ နောက်ဆက်တွဲတွေက ဘာဖြစ်နိုင်လဲ။

  • ရောဂါပြန်ပြန်ကြွတာ

တချို့ကျတော့လည်း တစ်ခါဖြစ်ပြီး နောက်ထပ်မဖြစ်တော့တာတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း တစ်နှစ်ထဲမှာ ခဏခဏ ရောဂါပြန်ကြွတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဆေးတွေနဲ့ ရောဂါပြန်မကြွအောင် ထိန်းကြတာပါ။ မကုဘဲ ထားမယ်ဆိုရင် အဆစ်ကို စားသွားပြီး ပျက်စီးတတ်ပါတယ်။

  • ရောဂါရင့်လာတာ

သိပ်ဆိုးလာရင် ယူရိတ်တွေ အရေပြားအောက်မှာ စုပုံလာပြီး Tophi ဆိုတဲ့ အကြိတ်ဖုလေးတွေ ဖြစ်လာမှာပါ။ ဒါကို လက်ချောင်း၊ လက်၊ ခြေဖမိုး၊ တံတောင်ဆစ်နဲ့ ခြေဖနှောင့်ကြောမှာ တွေ့ရတတ်ပါတယ်။ သူတို့က ဒီတိုင်းဆို မနာပေမယ့် ရောဂါကြွတဲ့အချိန်ကျရင် ရောက်ရမ်းပြီး နာလာပါတယ်။

  • ကျောက်ကပ် ကျောက်တည်တာ

ဂေါက်ရှိတဲ့ လူတွေမှာ ယူရိတ်များလွန်းတာကြောင့် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည် တတ်ပါတယ်။

ဂေါက်ရောဂါ မကြွအောင် ဘယ်လို ကာကွယ်ကြမလဲ။

ဂေါက်ရောဂါရှင်တွေက ရောဂါမကြွအောင် ဆေးနဲ့ ထိန်းတာအပြင် အောက်က အချက်တွေကိုလည်း လုပ်ပေး ရ မှာပါ။ ဒါတွေကတော့

  • အရက်၊ ဘီယာနဲ့ fructose များတဲ့ အအေးတွေ လျှော့သောက်ပါ။
  • ပြူရင်းများတဲ့ အစားအစာတွေ လျှော့စားပါ။ အလွယ်မှတ်ရင် “မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာ” ရှောင်ပါ။ ဥပမာပြောရရင် မျှစ်၊ မှို၊ ပဲပင်ပေါက်
  • အနီရောင်အသားတွေ၊ ဝမ်းတွင်းကလီဇာတွေ၊ ပင်လယ်စာတွေ လျှော့စားပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • ရေများများသောက်ပါ။ ဒါက ကျောက်ကပ်ကနေ ယူရစ်အက်စစ် စွန့်တာကို အထောက်အကူ ဖြစ်ပါ တယ်။
  • လေ့ကျင့်ခန်းလုပ်ပါ။

Post a Comment

0 Comments