Ticker

6/recent/ticker-posts

လူတိုင်း အိပ်ရေးဝဝအိပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ?

Being close to nature can give you a sound sleep

 ၁။  ကိုယ်အလေးချိန် ထိန်းပေးတယ်
အိပ်ချိန်နည်းခြင်းဟာ ကလေးရော၊ လူကြီးကိုပါ အဝလွန်စေတဲ့ အကြောင်းရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ အိပ်ချိန်နည်းတဲ့သူတွေဟာ အိပ်ရေးဝဝအိပ်သူတွေနဲ့ယှဉ်လိုက်ရင် ကိုယ်အလေးချိန် ပိုများတာကို တွေ့ရ ပါတယ်။

၂။  ကယ်လိုရီတွေ သိပ်မစားဖြစ်တော့ဘူး
အိပ်ရေးပျက်ခြင်းဟာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းတွေထွက်တာကို ကမောက်ကမ ဖြစ်စေပါတယ်။ အစာစားချင်စိတ်ဖြစ်စေတဲ့ Ghrelin ဟော်မုန်း ထုတ်တာများပြီး အစာစားချင်စိတ် လျော့နည်း စေတဲ့ Leptin ဟော်မုန်းထုတ်တာကို နည်းစေလို့ အစာစားချင်စိတ်များပြီး ကယ်လိုရီ များတာ တွေကို ပိုစားမိစေပါတယ်။

၃။  အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေတယ်
အိပ်စက်ခြင်းဟာ ဦးနှောက်လုပ်ငန်းဆောင်တာတွေအတွက် အရေးကြီးပါတယ်။ အိပ်ရေးဝဝအိပ်တဲ့ သူတွေဟာ ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းသလို မှတ်ဉာဏ်လည်း ပိုကောင်းပါတယ်။ အိပ်ရေးမဝတဲ့ သူတွေဟာ အရက်မူးအောင် သောက်ထားတဲ့သူလိုပဲ ဦးနှောက်လုပ်ငန်းဆောင်တာတွေ ကောင်း ကောင်း အလုပ်မလုပ်နိုင်တာကို တွေ့ရပါတယ်။


၄။  လှုပ်ရှားနိုင်စွမ်းကို ကောင်းမွန်စေတယ်
ဘတ်စကတ်ဘောကစားသမားတွေကို လေ့လာကြည့်တဲ့အခါ အိပ်ရေးဝဝအိပ်ရတဲ့ ကစားသမားတွေဟာ ကစားတဲ့အခါ ပိုမြန်ပြီး ပိုတိကျတာကို တွေ့ရပါတယ်။ အိပ်ရေးမဝတဲ့အခါ သွားလာလှုပ်ရှားမှုနှေးမယ်။ ပစ္စည်း တွေကို ဆုပ်ကိုင်တဲ့အခါ အားမရှိလို့ လွတ်ကျမယ် စတာတွေ ဖြစ်နိုင်ပါတယ်။

၅။  ကျန်းမာရေးပြဿနာတွေ နည်းမယ်
တစ်နေ့ အိပ်ချိန် (၇) နာရီအောက် နည်းတဲ့သူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

၆။  သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်
လေ့လာစပ်းသပ်ချက်တွေအရ အိပ်ချိန် (၄) နာရီလောက်ပဲ ရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းနိုင်ဘဲ သွေးသွင်းသကြားဓာတ် တက်နေတာကို တွေ့ရပါတယ်။ ဒီလိုလူတွေမှာ အိပ်ချိန် တိုးပြီး အိပ်စေတဲ့အခါ သွေးတွင်းသကြားဓာတ် ပုံမှန်ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အိပ်ချိန် (၆) နာရီ အောက်နည်းရင် သွေးချိုဆီးချိုဖြစ်နိုင်ချေ မြင့်တာကိုလည်း တွေ့ရပါတယ်။

၇။  စိတ်ကျန်းမာရေး ကောင်းမွန်စေတယ်
စိတ်ရောဂါအများစု အထူးသဖြင့် စိတ်ဓာတ်ကျရောဂါဟာ အိပ်ရေးပျက်တာနဲ့ ဆက်စက်နေပါတယ်။ စိတ်ဓာတ်ကျ ရောဂါရှိသူတွေရဲ့ ၉၀%လောက်က အိပ်ရေးပျက်လေ့ရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့် ညဘက်အိပ်မပျော်ခြင်း၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်လေ့ရှိခြင်းစတဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာရှိတဲ့ သူတွေမှာ စိတ်ဓာတ်ကျနိုင်ချေ ပိုများပါတယ်။


၈။  ကိုယ်ခံအားကောင်းစေတယ်
အိပ်ရေးနည်းနည်းပျက်တာနဲ့ ကိုယ်ခံအားနည်းနိုင်ပါတယ်။ အနည်းဆုံး (၈) နာရီလောက် အိပ်စက်ခြင်းဟာ ကိုယ်ခံအားကောင်းစေပြီး မကြာခဏ အအေးမိခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၉။  ဆဲလ်ပျက်စီးခြင်းမှ ကာကွယ်ပေးတယ်
အိပ်စက်ချိန်နည်းခြင်းဟာ ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို ဆိုးစေပါတယ်။ အိပ်ရေးပျက်ရင် Inflammatory marker လို့ခေါ်တဲ့ ပစ္စည်းတွေ ထွက်တာများလို့ ခန္ဓာကိုယ်မှာ ဆဲလ်ပျက်စီးမှုတွေ များလာနိုင်တယ်။ နာတာ ရှည် ရောင်ရမ်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အူနံရံရောင်ရမ်းသည့်ရောဂါ (Inflammatory bowel disease) ဟာ အိပ်ရေးပျက်ခြင်းနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။

၁၀။  အိပ်ရေးမဝခြင်းဟာ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်
အိပ်ရေးမဝရင် မိမိရဲ့စိတ်ခံစားချက်ကို သေချာမထိန်းချုပ်နိုင်သလို သူတပါးရဲ့စိတ်ခံစားချက်ကို နားမလည် တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သူများက ပျော်နေတာလား၊ ဝမ်းနည်းနေတာလား၊ ဒေါသထွက် နေတာလားဆိုတာ သေချာမသိတဲ့အခါ မိမိရဲ့တုံ့ပြန်မှုတွေလည်း မှားယွင်းနိုင်ပြီးတော့ လူမှု ဆက်ဆံ ရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ကျန်းမာရေးကောင်းအောင် ထိန်းသိမ်းဖို့ဆိုရင် အာဟာရစုံလင်စွာ စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအပြင် တစ်နေ့ကို အနည်းဆုံး (၇) နာရီလောက် အိပ်ရေးဝဝအိပ်ဖို့လည်း အရေးကြီးပါတယ်။(Dr. Aye Hsu Mon)

Post a Comment

0 Comments